Sunday, July 18, 2010

ခမာ တို့မြေ ကမ္ဘောဒီယားသို့ တစ်ခေါက် (အပိုင်း ၁)

ဒီနှစ်ထဲမှာ သွားမယ်လို့ ရည်ရွယ်ထားတဲ့ ခမာ တို့မြေ ကမ္ဘောဒီယား ကိုမသွားဖြစ်တော့မဲ့ အကြောင်းတွေ ဖန်လာခဲ့ပေမဲ့ ကံကောင်းစွာနဲ့ ရောက်ရှိခဲ့ပါတယ်။

သွားဖို့ တစ်ပတ်လောက် အထိ ရုံးက ခွင့်မရသေးတော့ ရင်တမမနဲ့ပါ။ ကံကြမ္မာရဲ့ ဖေးမမှုကြောင့် ခမာတို့မြေကို ၃ညအိပ် ၄ရက် ခရီးလည်ပတ်ခွင့်ရခဲ့ပါတယ်။

ခမာလို့ ကျတော်တို့ခေါ်တဲ့ Khmer or ခမိုင် / ခမွိုင် လူမျိုးတွေကို မြင်ရတော့ အမိမြေကိုပဲ ပြန်ရောက်သွားသလို ခံစားရပါတယ်။ ဖနွမ်းပင် အင်တာနေရှင်နယ် လေဆိပ်လို့ နာမည်တပ်ထားပေမဲ့ ကျတော်တို့ မြန်မာပြည်က ပုဂံ/ စစ်တွေ လေဆိပ်လောက်ပဲ ကျယ်ဝန်းပါတယ်။ စက်ပစ္စည်းတွေကတော့ နိုင်ငံတကာ အဆင့်ရှိပါတယ်။


ဒါပေမဲ့ ကျတော်တို့ ဆီကလို ရွှေကြိုလုပ်တဲ့ ပွဲစားတွေမတွေ့ရပဲ စနစ်ကျစွာနဲ့ အေးဆေးပါ။ ကမ္ဘောဒီယား ရဲ့ပြည်ဝင်ခွင့်က ဆိုက်ရောက်ဗီဇာ စနစ်ပါ။ ဒါပေမဲ့ ကျတော်တို့ ခရီးစဉ်ကို စီစဉ်တဲ့ သယ်ရင်းအစ်ကိုတွေက ဝိရိယကြီးစွာနဲ့ စလုံးကတည်းက ဗီဇာလျောက်ထားတော့ လေဆိပ်မှာ စောင့်စရာမလိုပဲ လဝကကို အလွယ်တကူ ဖြတ်သန်းခဲ့ပါတယ်။ ဗီဇာကြေးက US $20 ပါ။

လေဆိပ်အထွက်မှာ တက္ကစိကို US ၉ကျပ်ပေးပီး ကျတော်တို့ရဲ့ ဦးတည်ရာ အန်ကောဝပ်ရှိရာ Siem Reapဆီကိုသွားဖို့ ကားဂိတ်ဆင်းလာခဲ့ပါတယ်။ လေဆိပ်ကနေ အန်ကောဝပ်သွားတဲ့ ကားကြီးတွေရှိရာကို ၃၀မိနစ်ခန့်တက္ကစီ စီးရပါတယ်။ ခရီးစီစဉ်တဲ့ သယ်ရင်းအစ်ကိုတွေရဲ့ ပထမအစီအစဉ်က Mekong express နဲ့သွားဖို့ပါ။ တက္ကစီ သမားရဲ့ စွဲဆောင်မှုကြောင့် မူလစီစဉ်ထားတဲ့ မဲခေါင် ကားတွေနဲ့ မသွားတော့ပဲ Paramount Angkor Express နဲ့ သွားဖြစ်လိုက်ပါတယ်။အဲ့ဒီမှာ ငါးပါးမှောက်တာပဲ။ ကားခက us 10ပါ။ ကားတွေကတော့ အမြင့် high desk တွေပါ။ ကားဂိတ်တွေကို စုံစမ်းနိုင်တဲ့ လင့်ပါ။ Mekong နဲ့သွားပါလို့ recommend ပေးလိုက်ပါတယ်။ Mekong က ၁၁ကျပ်ပါ။



ကားက ၁၂နာရီမှထွက်မှာဆိုတော့ အချိန်ပိုနေသေးတဲ့ ကျတော်တို့တွေ ကားဂိတ်ပတ်ဝန်ကျင်ကို ခြေဆန့်ခဲ့ကြပါသေးတယ်။ ခမာတို့မြေဟာ ကျတော်တို့ မြန်မာနိုင်ငံနဲ့ နေထိုင်မှု စရိုက် အတော်လေး ဆင်ပါတယ်။ စလုံးမှာ မစားရဲ့ သရက်သီး အချဉ်ပေါင်းတွေ နာနတ်သီးတွေကို စားခဲ့ကြပါသေးတယ်။

လေယာဉ်ပေါ်မှာ ထမင်းကျွေးထားတာမို့လို့ ကျတော်တို့ အဖွဲ့တွေ နေလည်စာကို ကြိုပီးမစားဖြစ်ကြပါဘူး။ လမ်းမှာကားရပ်ရင် ရောက်တဲ့ နေရာမှာ စားမယ်လို့ အများစုက တေးထားကြပါတယ်။ ကျတော်နဲ့ အစ်မနန္ဒာက ဗိုက်အနည်းငယ် ဆာလာတာနဲ့ ကားဂိတ်နားက ထမင်းဆိုင်မှာ ကားထွက်ခါနီး အပြေးသွားစားလိုက်ပါတယ်။ ထမင်း နဲ့ ဟင်းရယ် မှ US 1 ကျပ်ပါ။ အရသာက အလွန်ကောင်းပါတယ်။ ဝက်သားရယ် ငါးဟင်းရယ် မှာစားပါတယ်။ ငါးရံ့လို ငါးကို ပဲရည်နဲ့ချက်ပီး သရက်သီးစိမ်းလေးတွေ အုပ်ထားတဲ့ ဟင်းကတော့ ကျွန်တော့ တစ်သက် အဲ့ဒီအရသာကို မေ့မယ် မထင်ပါဘူး။ စားပြီးတော့ လဖက်ရည် အအေး (Iced Green tea) တိုက်ပါတယ်။

ကြက်မောက်သီးနဲ့ လိုင်ချီးသီးတွေကို ကားဂိတ်နဲ့ အနည်းငယ်ဝေးတဲ့ သစ်သီးဈေးကနေ ကျတော်တို့ သွားဝယ်ခဲ့ကြပါသေးတယ်။ လိုင်ချီးသီးရဲ့ အရသာဟာ အတော်လေးကို ချိုပါတယ်။ အသားလဲ အရမ်းထူပါတယ်။

ဖနွမ်းပင်ကနေ အန်ကောဝပ်ကို ၆နာရီနီးပါး ကားစီးရပါတယ်။ လမ်းတစ်လျှောက်ရွာလေးတွေ မြို့လေးတွေဟာ ကျတော်တို့ နိုင်ငံက ကျိုက်ထို၊ ဘီးလင်း၊ သံဖြူဇရပ်၊ ကျိုက်ကော် ဘက်က ရွာလေးတွေ မြို့လေးတွေလို ထင်ရလောက်အောင် တော်တော်ကို ယဉ်ကျေးမှု နေထိုင်မှုစရိုက်တူပါတယ်။ ခမာအင်ပါယာ ဖြစ်ခဲ့ဘူးတဲ့ ကျတော်တို့နိုင်ငံရဲ့ အစိတ်အပိုင်းတွေဟာ ခမာတွေရဲ့ အငွေ့အသက် ပါနေတာ မဆန်းဘူးလို့ ဆိုနိုင်ပေမဲ့ တစ်ချိန်က ခမာအင်ပါယာကြီးကို လွမ်းမောမိနေတာကတော့ ကျတော့်ကို ကျတော် မဆန်းစစ်နိုင်ခဲ့ပါဘူး။